ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် ဧရာဝတီနှင့် ကရင်တွင် နေရာကွက်၍ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် ဧရာဝတီနှင့် ကရင်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သြဂုတ် ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် သြဂုတ် ၁၃ ရက်၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်ရှိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်တွင် နေရာကွက်၍မိုးကြီးခဲ့ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ မဒေါက်မြို့တွင် ၅ ဒသမ ၄၃ လက်မ၊ ရွှေကျင်မြို့တွင် ၅ ဒသမ ၀၈ လက်မ၊ ဘားအံ(စိုက်ပျိုးရေး မိုးလေဝသ)တွင် ၄ ဒသမ ၀၆ လက်မ၊ သထုံမြို့တွင် ၃ ဒသမ ၅၀ လက်မ၊ မုဒုံမြို့တွင် ၃ ဒသမ ၃၅ လက်မ၊ ပိုင်ကျုံမြို့တွင် ၃ ဒသမ ၃၁ လက်မ၊ ရှမ်းရွာသစ်မြို့တွင် ၂ ဒသမ ၇၉ လက်မ၊ မြစ်ကြီးနားမြို့တွင် ၂ ဒသမ ၇၆ လက်မ၊ ရေးမြို့တွင် ၂ ဒသမ ၇၁ လက်မနှင့် ဟိုင်းကြီးကျွန်းမြို့တွင် ၂ ဒသမ ၆၁ လက်မတို့ဖြစ်ကြကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးဇလမှ သိရသည်။