တရုတ်နိုင်ငံဘက်မှ မိမိအစီအစဉ်ဖြင့် မူဆယ်မြို့သို့ ပြန်လည် ဝင်ရောက်လာများအနက် အပူချိန် လွန်ကဲသူတစ်ဦး တွေ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် နန်းတော်စစ်ဆေးရေးဂိတ်၌ မေ ၄ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က တရုတ်နိုင်ငံမှ မိမိအစီစဉ်ဖြင့် ပြန်ဝင်လာသူများအနက် အပူချိန်လွန်ကဲသူတစ်ဦး တွေ့ရှိခဲ့ရပြီး ၎င်းအား မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

အပူချိန် လွန်ကဲသူ အမျိုးသားမှာ အသက် ၄၀ ခန့်ရှိပြီး လွန်ခဲ့သော ခြောက်လခန့်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပန်းရံအလုပ်လုပ်ကိုင်ပြီး ၎င်းနေထိုင်ရာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရေကြည်ရွာသို့ပြန်ရန် မေ ၄ ရက်တွင် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် နန်းတော်ဂိတ်မှတစ်ဆင့် မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၎င်းကို မူဆယ်ပြည်သူ့ ကျန်းမာရေးဌာနက စနစ်တကျ စစ်ဆေးစဉ် ကိုယ်အပူချိန် ၃၈ ဒသမ ၄ ဒီဂရီစင်တီဂရိတ် တွေ့ရှိခဲ့မှုကြောင့် နန်းတော်ပေါက်မှတစ်ဆင့် မူဆယ်မြို့နယ် Fever Clinic သို့ ကရုဏာ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ကာ ပြသခဲ့ပြီး ထိုမှတစ်ဆင့် ဆေးဝါးကုသခံယူရန် လိုအပ်သဖြင့် မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကြောင်း မူဆယ်ပြည်သူ့ဆေးရုံမှ သိရသည်။

“မနက်ကတွေ့ရှိတဲ့ အပူချိန်လွန်ကဲ လူနာကို လောလောဆယ် ဆေးရုံမှာ တင်ထားကာ PUI လူနာအဖြစ် သတ်မှတ်ပြီးတော့ ကုသမှုနဲ့ လုပ်စရာရှိတာတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မူဆယ်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှ မေ ၄ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီး ပြန်လည် သက်သာလာသူ ၄၉ ဦးရှိကာ သေဆုံးသူ ခြောက်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မူဆယ်မြို့တွင် ဒူဘိုင်းမှ ပြန်လာသူ COVID-19 ရောဂါ အတည်ပြုလူနာ Case-143 ၈၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့ရှိထားပြီး ၎င်းလူနာမှာ ကျန်းမာလျက်ရှိကြောင်း မူဆယ်ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် နန်းတော်ဂိတ်သို့ ပြန်လည် ဝင်ရောက်လာသူများမှာ ဧပြီ ၃ ရက်မှ မေလ ၃ ရက်ညအထိ ၄၃၆၇ ဦးရှိပြီး နေ့စဉ်ပျမ်းမျှ လူ ၁၅၀ ခန့် ပြန်လည် ဝင်ရောက် လျက်ရှိကြောင်း သိရှိရသည်။

ပြန်လည်ဝင်ရောက် လာသူများကို မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ကြိုဆိုလက်ခံရေး ဆပ်ကော်မတီက စနစ်တကျ လက်ခံပြီး မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက Fever Surveillance များပြုလုပ်ကာ ပြန်ဝင်လာသူများအား ယင်းတို့အစီအစဉ်ဖြင့် နေရပ်ဒေသသို့ ပြန်နိုင်ရန် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။