ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း မိုင်တိုင် ၂၅ မိုင်တွင် အာလူးများ တင်ဆောင်လာသော ၂၂ ဘီးတွဲကားယာဉ် အရှိန်လွန် ချောက်ထဲကျပြီး နှစ်ဦး သေဆုံး
ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း မိုင်တိုင် ၂၅ မိုင် ကျောက်ကြမ်းကွေ့အရှိန်ထိန်းသဲကွင်းတွင် အာလူးများတင်ဆောင်လာသော ၂၂ ဘီးတွဲကားတစ်စီး သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အရှိန်လွန်ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ် ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည် ။
ပြင်ဦးလွင် ခရိုင်၊မြို့နယ်မီးသက်တပ်ဖွဲ့နှင့်လူမှုကူညီမှုရေး အသင်းတို့မှ သွားရောက်ကယ်ဆယ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေမှသေဆုံးနေသည့်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၂ ဦးတို့အား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။
” အာလူးတင်လာတဲ့ ၂၂ ဘီးတွဲကား ဘရိတ်ပေါက်ပြီး သဲကွင်းကို ကျော် အရှိန်လွန် တိမ်းမှောက်သွားတဲ့ဖြစ်စဉ်ကို မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်မှာ ဖုန်းသတင်းရတယ် ။ အဲနားက ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ နီးတဲ့အတွက် သင်တန်းကျောင်းက ကယ်ဆယ်ရေးရယ် ပြင်ဦးလွင် ခရိုင် မြို့နယ်နဲ့ လူမှုကူညီရေးအသင်းတွေ သွားရောက် ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်ခဲ့ပါတယ် ။ ကား ကျသွားတဲ့ ချောက်က ပေ ၃၀ လောက်နက်တယ် ။ အခုချိန်မှာ ပြင်ဦးလွင်မှာ မိုးတဖွဲဖွဲ ကျနေတော့ သဲကွင်းက မိုးရေနဲ့ သိပ်သည်းနေပြီး မကျွံတော့ပဲ အရှိန်နဲ့ ကျော် ကျ သွားတာ ။ ယာဉ်မောင်းတဲ့သူကတော့ ကားခေါင်းထဲမှာပဲ တွေ့ရှိပြီး ယာဉ်နောက်လိုက်ကတော့ လွင့်စင်ကျသွားပြီး အာလူးအိတ်တွေနဲ့ ပိနေတာကို ရှာတွေ့ခဲ့ရတယ် ” ဟု ပြင်ဦးလွင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။
” ကျွန်တော်တို့ အသင်းက မွန်းလွဲ တစ်နာရီလောက်မှ သိရတာပါ ။ ဖြစ်စဉ်ကတော့ မနက်ပိုင်းလောက်ကတည်က ဖြစ်ပုံရတယ် ။ တောတိုးတဲ့သူတွေကတွေ့ပြီး အကြောင်းကြားတယ်လို့ သိရတယ် ” ပြင်ဦးလွင်(အခမဲ့) နာရေးကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။