မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်

မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလ မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိဖြစ်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အရပ်ရပ်သို့ မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မေ ၂၂ ရက်မှ ၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဇွန် ၃ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

“တောင်ပိုင်းဒေသကို မုတ်သုံဝင်မှာက သုံးရက်ကနေ ငါးရက်လောက်နောက်ကျနိုင်တယ်။ မြစ်ဝကျွန်းပေါ်ကို ပုံမှန်ထက် နှစ်ရက်ကနေ ငါးရက်လောက်နောက်ကျနိုင်တယ်။ ပုံမှန်က မေ ၂၀ ရက်လောက်ဝင်တာ၊ အလယ်ပိုင်းကို ပုံမှန်အားဖြင့် မေ ၂၇ ၂၈ လောက်ဝင်တယ်။ တစ်ပြည်လုံးကို ပုံမှန်အားဖြင့် ဇွန် တစ်ရက်နှစ်ရက်ဝန်းကျင်မှာ ဝင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် ၂၀၀၀ ပြည့်နှစ်ကိုပြန်ကြည့်လိုက်ရင် ၂၀၀၀ ပြည့်နှစ်အရှေ့မှာထဲက မုတ်သုံလေဝင်တာ နောက်ကျတယ်။ မုတ်သုံလေထွက်တာ စောတာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့ မှတ်တမ်းတွေကို နှစ်ပေါင်းသုံးဆယ် ပျမ်းမျှယူလိုက်တဲ့အခါမှာ မုတ်သုံဝင်ရောက်တဲ့ရက်တွေက နောက်ကျသွားတယ်။ အသစ်တွက်လိုက်တဲ့ နှုန်းအတိုင်းကြည့်မယ်ဆိုရင် မုတ်သုံလေ ဝင်ရောက်တာနောက်ကျတယ်လို့ ပြောလို့မရတော့ဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင် ၁၉၆၀ ကနေ ၁၉၉၀ အတွင်းမှာရှိတဲ့ တွက်ထားတဲ့ မုတ်သုံလေဝင်ရောက်တဲ့ရက်တွေနဲ့ အခုဝင်ရောက်တဲ့ရက်တွေ ယှဉ်မယ်ဆိုရင်တော့ အခုဝင်တာနောက်ကျတာ ပိုသိသာလာတယ်။ ဒါကြောင့်မို့လို့ တောင်သူတွေအနေနဲ့ လက်ရှိမုတ်သုံဝင်တဲ့ရက်တွေကို သိထားပြီးတော့ ပျိုးကျဲတာတွေကို လုပ်ဆောင်သင့်ပါတယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် မိုးဦးကလာအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။ ထို့ပြင် မိုးဦးကာလအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

အနောက်တောင်မုတ်သုံလေသည် ၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက်မှ ၈ ရက် (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် နယုန်လဆန်း ၁၃ ရက်မှ နယုန်လပြည့်ကျော် ၃ ရက်)အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ဒုတိယရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်း လပြည့်ကျော်ခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာဖွယ်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုနှစ် မိုးတွင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၁၁ ကြိမ်ဖြစ်ပေါ်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငါးကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်တွင် ဖော်ပြထားသည်။