မြဝတီနယ်စပ်ကုန်သွယ်ရေးယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်

မြန်မာ-ထိုင်း နိုင်ငံ နယ်စပ် မြဝတီ မြို့တွင် ကုန်သွယ်ရေးယာဉ်များ သြဂုတ် ၁၈ ရက် မွန်းလွဲတစ်နာရီ ခန့်မှ စတင်ကာ  ယာယီ ရပ်ဆိုင်းခဲ့သော်လည်း သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်းသိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်အနီးတွင် ပို့ကုန်ယာဉ်များမရှိသလောက်နည်းပါး သော်လည်း ပြည်တွင်းစျေးကွက်သို့တင်သွင်းမည့် ထိုင်းကုန်စည်ယာဉ်များမှာ ဇုန်ထဲသို့အစစ်ဆေးခံရန်လမ်းတလျှောက် တန်းစီစောင့်ဆိုင်းနေရကြောင်းသိရသည်။

“မနေ့ကတော့ စစ်ရေးတင်းမာမှုတွေကြောင့်ထင်ပါရဲ့ ၊မွန်းလွဲတစ်နာရီမှာ လူရော ကားတွေရော ဇုန်ကနေရှောင်ခဲ့ကြတယ်။ ဇုန်ဝင်းအတွင်းနဲ့ လမ်းတလျှောက်မှာ ကားတွေမရှိတော့ပဲ ရှင်းသွားတာပေါ့။ဒီနေ့တော့  ကုန်ကားတွေက ဇုန်ကနေ မြေနီကုန်းလမ်းဆုံထိ  ၂မိုင်လောက်တော့ရှိမယ် ထင်တယ် ။ကားတွေ ရာနဲ့ချီစောင့်ဆိုင်း နေတာ။သွင်းကုန်လိုင်စင်ရ ကုန်ပစ္စည်းတွေအတွက် ဇုန်ကိုဝင်ပြီး အစစ်ဆေးခံဖို့ စောင့်နေကြတာပါ”ဟု ကုန်သည်တစ်ဦးကပြောသည်။

ယခင်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက်က ဒေါနတောင်ကျော်အာရှလမ်းသစ်တွင် ပစ်ခတ်မှုများရှိခဲ့၍ မော်တော်ယာဉ်များရပ်စောင့်ခဲ့ရပြီ ပြန်လည်သွားလာခဲ့ကြသော်လည်း ညနေပိုင်းတွင် ကုန်သွယ်ရေးဇုန်နှင့် ကုန်သွယ်လမ်းကြောင်းကို ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကော့ကရိတ်မြို့တွင်း၌ပစ်ခတ်မှု ဖြစ်ပြီးနောက် မြဝတီ မြို့တွင်လည်း လုံခြုံရေးကို ယခင်ထက်တင်းကြပ်ထားကြောင်းသိရသည်။