အမေရိကန်နှင့် ဂျာမနီက ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိသည့် စစ်ရေးအကူအညီများ ထောက်ပံ့မည်ဟုကြေညာ

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့က ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိသည့် စစ်ရေးအကူအညီများ ထောက်ပံ့ပေးသွားမည်ဟု သြဂုတ် ၂၃ ရက်က ကြေညာခဲ့သည်။

ယူကရိန်းတွင် လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြုလုပ်နေချိန်တွင် အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိသည့် စစ်ရေးအကူအညီသစ် ထောက်ပံ့ပေးသွားမည်ဟု အမေရိကန်အရာရှိတစ်ဦးက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ယင်းပမာဏသည် ခြောက်လကြာမြင့်လာခဲ့သည့် ယူကရိန်း စစ်ပွဲတွင် လုံခြုံရေးအကူအညီ တစ်ကြိမ်စာအတွက် အများဆုံးပမာဏဖြစ်သည်။

လက်နက်များ ရှာမှီးခွင့်၊ စစ်ရေးလေ့ကျင့်မှုများနှင့် အခြားလုပ်ငန်းများအတွက်အသုံးပြုနိုင်မည့် ယင်းကူညီထောက်ပံ့မှုကို အိမ်ဖြူတော်က တရားဝင်ကြေညာမည်ဖြစ်သည်။

ယင်းငွေကြေးများကို စစ်ရေးကုန်ကျစရိတ်များအတွက် ချက်ချင်းအသုံးပြုနိုင်သည့် အမေရိကန်ကာကွယ်ရေးဌာန၏ ယူကရိန်းလုံခြုံရေး အထောက်အကူပြု စီမံချက်အောက်မှ ထောက်ပံ့မည်ဖြစ်သည်။

ထို့ပြင် ယင်းငွေကြေးထောက်ပံ့မှုသည် အမေရိကန်၏ ရှိရင်းစွဲ စစ်ဘက်ဆိုင်ရာ သိုလှောင်ထားသည့် ကုန်ပစ္စည်းများထဲမှ ယူကရိန်းတပ်ဖွဲ့များထံ လက်နက်များနှင့် ခဲယမ်းများ ချက်ချင်းလွှဲပြောင်းပေးရန် သမ္မတ ဂျိုးဘိုင်ဒင်အား အမိန့်ထုတ်ပြန်ခွင့်ပေးထားသည့် သမ္မတဆိုင်ရာ အသုံးပြုခွင့်အာဏာ (PDA) နှင့် သီးခြားစီဖြစ်သည်။

သြဂုတ် ၁၉ ရက်ကလည်း ပင်တဂွန်သည် PDA အောက်မှ နောက်ဆုံး အကူအညီအဖြစ် ဒေါ်လာ ၇၇၅ သန်းတန်ကြေးရှိသည့် ဒုံးကျည်များ၊ အမြောက်များ၊ သံချပ်ကာတိုက်ဖျက်ရေး လက်နက်များနှင့် ခဲယမ်းများ၊ မိုင်းရှင်းလင်းရေးယာဉ်များကို ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။

အမေရိကန်က ထောက်ပံ့မည့် စစ်လက်နက်အသစ်များသည် ယူကရိန်းတို့အနေဖြင့် ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရာတွင် အသင့်ဖြစ်နေချိန်တွင် အသုံးပြုရန်အတွက် ဖြစ်ဖွယ်ရှိသည်ဟု ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ ကျွမ်းကျင်သူ ဖိလစ်အိုဘရိုင်ယန်က တွစ်တာတွင် ရေးသားခဲ့သည်။ ယင်းစစ်ရေးအကူအညီသစ်တွင် ရုရှားတို့၏ လက်နက်တိုက်များကို တိုက်ခိုက်ရာ၌ အသုံးပြုသည့် Himars လက်နက်စနစ်များအတွက် ရော့ကတ်ဒုံးကျည်များနှင့် ရေဒါစခန်းများကို ခြေရာခံတိုက်ခိုက်နိုင်သည့် ဝေဟင်မှမြေပြင်ပစ် HARM ဒုံးလက်နက်များ ပါဝင်သည်။

ထို့အတူ ဂျာမနီနိုင်ငံကလည်း ယူကရိန်းကို ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စစ်ရေး အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု ကြေညာခဲ့ပြီး ယင်းအထောက်အပံ့ထဲမှအများစုကို လာမည့်နှစ်တွင် ဖြန့်ချိပေးသွားမည်ဟု ဂျာမနီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ယင်းစစ်ရေးအကူအညီများထဲတွင် IRIS-T လေယာဉ်ပစ်စနစ်၊ လက်နက်ပြုပြင်ရေးယာဉ် တစ်ဒါဇင်ခန့်၊ ပစ်ကပ်ကားများပေါ်တွင် တပ်ဆင်နိုင်သည့် ဒုံးပစ်လောင်ချာများ၊ ပစ်မှတ်တိကျသည့် ခဲယမ်းများနှင့် ဒရုန်းဖျက်ပစ္စည်းများပါဝင်လိမ့်မည်ဟု ဂျာမနီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ယင်းစစ်ရေးအထောက်အပံ့များထဲမှ အများစုကို ၂၀၂၃ ခုနှစ်တွင် ဖြန့်ချိပေးသွားမည်ဟုလည်း ၎င်းကဆိုသည်။

ဂျာမန်စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ယူရို ၁၀၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးရန် တွန့်ဆုတ်နေပုံပေါ်ခဲ့မှုကြောင့် ယူကရိန်းအာဏာပိုင်များနှင့် အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။