မန္တလေး-ရွှေဘို လမ်းပေါ်ရှိ စိုင်နိုင်ကွေ့တံတားအနီးတွင် Express ယာဉ်တစ်စီး တိမ်းမှောက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ မန္တလေး-ရွှေဘိုသွားလမ်း စိုင်နိုင်ကွေ့တံတားအနီးတွင် ယနေ့ (မေ ၂ ရက်) နံနက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးပစ္စည်းများတင်ဆောင်လာသည့် Express ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ လူခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။

မန္တလေးမြို့မှ ရွှေဘိုဘက်သို့ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ တင်ဆောင်ကာ မောင်းနှင်လာသည့် ယာဉ်အမှတ် 5L/….နံပါတ်ပါ YUTONG အမျိုးအစား Express အဝါရောင်ယာဉ်မှာ ယနေ့ (မေ ၂ ရက်) နံနက် ၇ နာရီခွဲခန့်က မန္တလေး-ရွှေဘိုလမ်း မိုင်တိုင်အမှတ် ၆၀/၄ နှင့် ၆၀/၅ အကြား၊ စိုင်နိုင်ကွေ့တံတားအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောဘေးရှိ အန္တရာယ်အမှတ်အသား ပြုလုပ်ထားသည့် သံဘောင် အတားအဆီးနှင့် တံတားအုတ်ခုံတို့ကို ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ရေဆိုးမြောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။