တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာနေရပ်သို့ ပို့ဆောင်နိုင်ရေးအတွက် တောင်ကြီးမြို့တွင် နောက်ဆုံးအကြိမ် ကူညီလွှဲပြောင်းပေး

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာနေရပ်သို့ ပို့ဆောင်နိုင်ရေးအတွက် တောင်ကြီးမြို့တွင် နောက်ဆုံးအကြိမ်မြောက် ကူညီလွှဲပြောင်းပေးခဲ့ပြီး နောက်အကြိမ်များတွင် ရွှေညောင်ဘူတာမှ မီးရထားဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအဖွဲ့သည် မေ ၅ ရက် ည ၈ နာရီတွင် တောင်ကြီးမြို့၊ Taung Gyi Business Center-TBC ကားကွင်းသို့ ရောက်ရှိလာပြီး ယာဉ်တန်းအဖွဲ့သည် ယာဉ် ၂၃ စီးဖြင့် လူဦးရေ စုစုပေါင်း ၅၀၀ ကျော်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများအဖွဲ့ကို တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့စုံ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အဖွဲ့အစည်းအစုံဖြင့် စနစ်တကျ ကြိုဆိုလက်ခံရေး ဆောင်ရွက်ခဲ့ပြီး ယာဉ်လိုင်းအသင်းများမှ Express ကား ကိုးစီးဖြင့် စတုတ္ထအကြိမ်မြောက် ကူညီကာ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဒီတစ်ခေါက်ကတော့ နောက်ဆုံးအခေါက်ပဲ နောက်နေ့ကစပြီးတော့ ရွှေညောင်မြို့မှာရှိတဲ့ ရွှေညောင်ဘူတာကနေ တစ်ဆင့် မီးရထားနဲ့ သက်ဆိုင်ရာမြို့တွေကို လွှဲပြောင်း ပို့ဆောင်ပေးသွားမှာပါ”ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများ မရောက်လာခင် TBC ကားကွင်းကို ဆေးဖျန်း ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်လာချိန်တွင်လည်း ၁၂ ဘီး မော်တော်ယာဉ်များကို ဆေးဖျန်းခြင်း၊ ကားများအားလုံး ထွက်ခွာသွားချိန်တွင်လည်း ကားကွင်းကို ဆေးဖျန်းခြင်း၊ ထမင်းထုပ်ဝေခြင်းတို့ကို သစ်တောရပ်ကွက်နှင့် စေတနာရှင် လူငယ်များအဖွဲ့တို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာခြင်းမှာ ပထမအကြိမ် မိုင်းလားမှ မြန်မာနိုင်ငံသားများ ၂၇၅ ဦးကို စုရပ်စခန်းဖြစ်သော တောင်ကြီးမြို့ သစ်တောရပ်ကွက် ကားလေးကွင်းသို့ ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လည်းကောင်း၊ ဒုတိယအကြိမ် တောင်ကြီးမြို့ TBC ကားကွင်းတွင် မေ ၂ ရက် ည ၁၁ နာရီတွင် လူဦးရေ ၅၆၆ ဦးကိုလည်း ကူညီပို့ဆောင်ပေးခဲ့ပြီး ယခုတတိယအကြိမ် တောင်ကြီးမြို့ TBC ကားကွင်းတွင် မေ ၄ ရက် ည ၈ နာရီတွင် လူဦးရေ ၄၀၀ ကျော်ကိုလည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။