ယူကရိန်း၌ ချာနိုဘိုင်းကဲ့သို့ နောက်ထပ် နျူကလီးယား ဘေးအန္တရာယ်ဖြစ်လာမည်ဟု တူရကီသမ္မတ အာဒိုဂန် သတိပေး
ရုရှားကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း သမ္မတဗိုလိုဒီမာဇယ်လန်စကီးနှင့် ပထမဆုံး တွေ့ဆုံစဉ်အတွင်း ယူကရိန်းနိုင်ငံ၌ နောက်ထပ် နျူကလီးယားဘေးအန္တရာယ်ဖြစ်လာမည်ဟု သြဂုတ် ၁၈ ရက်တွင် တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂန်က သတိပေးပြောကြားခဲ့ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပန်ကြားမှုများကို ထပ်လောင်းပြောကြားမှု ဖြစ်လာသည်။
ရုရှားထိန်းချုပ်ထားသော ယူကရိန်းတောင်ပိုင်းရှိ ဥရောပအကြီးဆုံး နျူကလီးယားစက်ရုံ အနီးဝန်းကျင်တွင် တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်နေခြင်းက ကမ္ဘာ့ခေါင်းဆောင်များထံမှ အရေးတကြီး သတိပေးမှုများ ကို ဖြစ်ပေါ်စေခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကလည်း အာဒိုဂန်နှင့် တွေ့ဆုံရာ၌ အဆိုပါစက်ရုံကို ထိခိုက်မှုမှန် သမျှသည် မိမိကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်လိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
“ကျွန်တော်တို့က စိုးရိမ်နေပါတယ်။ နောက်ထပ် ချာနိုဘိုင်းကို ကျွန်တော်တို့ မလိုချင်တော့ပါဘူး”ဟု ယူကရိန်းအရှေ့ပိုင်းမြို့ Lviv တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ပြောကြားခဲ့သည်။ တူရကီသည် ယူကရိန်းအတွက် ခိုင်မာသော မဟာမိတ်ဖြစ်သည်ဟု အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် တူရကီသမ္မတက ပြောကြားခဲ့သည်။
“အဖြေရှာဖို့ ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းနေချိန်အတွင်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ယူကရိန်းမိတ်ဆွေတွေဘက်က ဆက်လက်ရှိနေမှာဖြစ်ပါတယ်”ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ပြောကြားခဲ့သည်။
နျူကလီးယားစက်ရုံနှင့် ပတ်သက်၍ မိမိအလွန်အမင်းစိုးရိမ်နေသည်ဟု ဂူတာရက်စ်က ပြောကြားခဲ့ပြီး အဆိုပါနေရာကို စစ်မဲ့အနေအထားဖြစ်အောင်လုပ်ရမည် ဟု ပြောကြားခဲ့သည်။
“ဇာပိုရီရှားနျူကလီးယားစက်ရုံကို ထိခိုက်စေနိုင်တာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာဖြစ်တယ်လို့ပဲ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်”ဟု ဂူတာရက်စ်က ဖြည့်စွက် ပြောကြားခဲ့သည်။
ရုရှားနှင့် အဓိကပထဝီနိုင်ငံရေးဆိုင်ရာ ပြိုင်ဘက်ဖြစ်သော အာဒိုဂန်သည် သမ္မတဗ လာဒီမာပူတင်နှင့် အနီးကပ် အလုပ်သဘော ဆက်ဆံရေးကို ဆက်လက်ထိန်းထားကာ လွန်ခဲ့သော သီတင်းနှစ်ပတ်မပြည့်မီက ပင်လယ်နက် အပန်းဖြေမြို့ ဆိုချီ၌ ပူတင်နှင့် တွေ့ဆုံခဲ့သည်။
ရုရှားကျူးကျော်မှုက အရေးပါသော ကမ္ဘာ့ကုန်စည်များပို့ဆောင်မှုကို ပိတ်ဆို့ထားခဲ့ပြီးနောက် ယူကရိန်းမှ ကောက်ပဲသီးနှံတင် ပို့မှုများ ပြန်လည် လုပ်ဆောင်ရေးအတွက် လွန်ခဲ့သောလတွင် အစ္စတန်ဘူလ်မြို့၌ လက် မှတ်ရေးထိုးခဲ့သော သဘောတူညီချက်ကို တူရကီခေါင်းဆောင်အာဒိုဂန်နှင့် ဂူတာရက် စ်တို့က ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်အရ ၂၅ စင်း မြောက်ကုန်သင်္ဘောသည် ကောက်ပဲသီးနှံ တန်ချိန် ၃၃,၀၀၀ တင်ဆောင်ကာ အီဂျစ်နိုင်ငံကို ထွက်ခွာသွားသည်ဟု ဇယ်လန်စကီးနှင့် အာဒိုဂန်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲမတိုင်မီ ယူကရိန်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေညာခဲ့သည်။
ယူကရိန်းနှင့် ရုရှားတို့သည် ကမ္ဘာ့အကြီးဆုံး ဂျုံ၊စပါးတင်ပို့သော နိုင်ငံများဖြစ်ကြသည်။ အဆိုပါ ပို့ကုန်များ တင်ပို့မှု ရပ်ဆိုင်းခဲ့ခြင်းက ဂျုံ၊ စပါးစျေးများကို မြင့်တက်စေခဲ့ပြီး ကမ္ဘာ့ စားနပ်ရိက္ခာ ပြတ်တောက်မှု မြင့်တက်လာမည်ဟူသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဂူတာရက်စ်သည် သြဂုတ် ၁၉ ရက်တွင် အိုဒက်ဆာမြို့ကို ဆက်လက်သွားရောက်ခဲ့ သည်ဟု သိရသည်။