အမိန့်ရအပေါင်ဆိုင်များတွင် ယခင်က ရွှေအတိုးနှုန်း (နှစ်) ရာခိုင်နှုန်းသာရှိရာမှ (သုံး) ရာခိုင်နှုန်းသို့မြင့်တက်လာပြီး ရွှေပြန်မရွေးနိုင်သူ များလာ
အမိန့်ရအပေါင်ဆိုင်များတွင် ယခင်က ရွှေအတိုးနှုန်း (နှစ်) ရာခိုင်နှုန်းသာရှိရာမှ (သုံး) ရာခိုင်နှုန်းသို့ မြင့်တက်လာပြီး ရွှေပြန် မရွေးနိုင်သူများလာကြောင်း အမိန့်ရအပေါင် ဆိုင်အချို့ထံမှ သိရသည်။
“ဒီလကတည်းက သတ်မှတ်လိုက်တာ။ အရင်ကတော့ နှစ်ကျပ်တိုးပဲယူတာ။ အခုက တခြားကုန်စျေးနှုန်းတွေကလည်း တက်လာ တော့ ကျွန်တော်တို့လည်း အတိုးကို တက်ရ တာပါ” ဟု ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ အမိန့်ရ အပေါင်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယခင်က အပေါင်ဆိုင်များ၌ ရွှေအတိုး နှုန်းမှာ (နှစ်) ရာခိုင်နှုန်းသာရှိခဲ့သော်လည်း သြဂုတ်လမှစတင်ကာ (သုံး) ရာခိုင်နှုန်းသို့ မြင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင် အပေါင်ဆိုင်များ၌ ရွှေအပေါင် ထားသူများအနေဖြင့် ပြန်လည်ရွေးယူနိုင် ခြင်းမရှိသူ များလာကြောင်း အပေါင်ဆိုင် အချို့ထံမှ သိရသည်။
“ပြန်မရွေးနိုင်တဲ့သူ များလာတယ်။ ပစ္စည်းကို အဆုံးခံကြတာပေါ့” ဟု ရန်ကုန် တိုင်းအတွင်းရှိ အမိန့်ရ အပေါင်ဆိုင်တစ်ဆိုင် မှ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ငွေကြေးကျပ်တည်း မှုများရှိလာခြင်း၊ ဝင်ငွေနှင့် သုံးငွေမမျှတခြင်း ကြောင့် အပေါင်ဆိုင်များတွင် ရွှေများကို ပေါင်နှံထားသူများမှာ ပြန်လည်ရွေးယူနိုင် ခြင်း မရှိသဖြင့် အဆုံးခံရခြင်းဖြစ်ကြောင်း သိရသည်။
“ပြန်မရွေးနိုင်ရင်တောင် အတိုးသတ် ကြတာပေါ့။ သုံးလတစ်ခါ အတိုးသတ်ပေ့ါ။ အတိုးမသတ်နိုင်တော့ ပစ္စည်းဆုံးတာပဲ။ အခု ကတော့ ပြန်ရွေးဖို့နေနေသာသာ အတိုးဖိုးကို မနည်းဖယ်ရတယ်။ အသုံးစရိတ်က ဝင်ငွေနဲ့ မမျှတော့ဘူးလေ” ဟု ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အပေါင်ဆိုင်များတွင် ရွှေများသာမက အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း လာရောက်ရွေးယူနိုင်ခြင်းမရှိသူ များလာ ကြောင်း အပေါင်ဆိုင်များမှ သိရသည်။
ရွေအပေါင်ခံရတွင် တန်ဖိုးထက် ၇၀ ရာ ခိုင်နှုန်းသာ အပေါင်ဆိုင်များက ထုတ်ချေး ခြင်းများရှိကြောင်း သိရသည်။