မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် ပြည်တွင်းစစ်အဖြစ်ပြောင်းလဲသွားနိုင်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောကြား
မြန်မာနိ်ုင်ငံက အာဆီယံအဖွဲ့နှင့် သဘောတူထားခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုးတက်မှုမရှိသည့်အနေအထားကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားနိုင်သည့် အစစ်အမှန်အန္တရာယ်ရှိနေကြောင်း သြဂုတ် ၅ ရက်တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရ်ှနန်က ထုတ်ဖော်ပြောကြားသည်။
အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် နစက၏ လုပ်ဆောင်ချက်ကင်းမဲ့နေမှုနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် စိတ်ပျက်မိကြောင်း ဖော်ပြထားသည့် တရားဝင်ထုတ်ပြန်ချက်ကို သြဂုတ် ၅ ရက် စောစောပိုင်းတွင် အာဆီယံကထုတ်ပြန်ခဲ့ပြီးနောက် စင်ကာပူနိ်ုင်ငံခြားရေးဝန်ကြီး၏ အထက်ပါမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်။ အခြေအနေဟာအလွန်ဆိုးနေပါတယ်။ အာဏာလွှဲပြောင်းယူမှုဟာ ပြည်တွင်းစစ်အထိဖြစ်သွားမယ့်တကယ့်အန္တရာယ်ရှိနေပါတယ်။ အာဆီယံဘုံသဘော တူညီချက်ငါးရပ်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိပါဘူး”ဟု ဒေါက်တာဘာလာခရစ်ရ်ှနန်က ပြောကြားခဲ့သည်။
ကမ္ဘောဒီယားနိ်ုင်ငံတွင် ကျင်းပသော ၅၅ ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများအပြီးတွင် ၎င်းက စင်ကာပူသတင်းထောက်များကို ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဝင်ရောက်စွက်ဖက်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ၊ အမျိုးသားရင်ကြားစေ့တာ၊ အာဆီယံရဲ့ကောင်းမွန်တဲ့ အခြေအနေတွေကို အသုံးချတာတို့မှာ တန်ဖိုးပါနေတယ်ဆိုတာကို သူတို့က နားမလည်ဘူးဆိုရင်တော့ အခြေအနေ အလွန်ဆိုးရွားသွားမယ်ဆိုတာကို ကျွန်တော်စိုးရိမ်နေပါတယ်။ ဒီအခြေအနေဆိုး ဘယ်လောက်ကြာသွားမလဲ။ လေးနှစ်ကနေ အနှစ်၂၀ လောက် အထိ ကြာသွားမယ်လို့ ခန့်မှန်းနေတာတွေကို ကျွန်တော်ကြားပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာကို ကျွန်တော် မသိပေမယ့်လည်း ကျွန်တော်ကတော့ အားမရဘူးလို့ပြောချင်ပါတယ်”ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိ်ုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် ဖြစ်ပွားနေသော ဝရုန်းသုန်းကားအခြေအနေများအဆုံးသတ်သွားစေရေးအတွက် လွန်ခဲ့သောနှစ်၏ ဧပြီလတွင် ဘုံသဘောတူ ညီချက်ငါးရပ်ကို အာဆီယံကရေးဆွဲခဲ့ခြင်းဖြစ်သည်။
ယခုနှစ်၏အလှည့်ကျ အာဆီယံဥက္ကဌအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် ပရက်ဆော့ခွန်းတို့က မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူနှစ်ဦးအပါအဝင် လေးဦးကို သေဒဏ်စီရင်ခြင်းမပြုရန် မေတ္တာရပ်ခံခဲ့လင့်ကစား နစက,က အဆိုပါလေးဦးကို လွန်ခဲ့သောလတွင် သေဒဏ်စီရင်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း မြန်မာအနေဖြင့် အာဆီယံ၏ အခန်းကဏ္ဍကို အလေးမထားခြင်းကို ပြသနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
“ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကိုသွားခဲ့ပြီးနောက် ဒါမှမဟုတ် အာဆီယံအထူးသံတမန် မြန်မာနိုင်ငံ ကိုသွားခဲ့ပြီးနောက် မကြာခင်မှာပဲ သေဒဏ်စီရင်တာတွေ ဒါမှမဟုတ် တပ်မတော်က စောစောပိုင်း ဗုံးကြဲတိုက်ခိုက်တာ တွေဟာ အမှန်တကယ်တော့ အဆိုးမြင်ဝါဒမြင့်မားနေတာကို ပြနေတာ ဒါမှမဟုတ် အာဆီယံရဲ့ အခန်းကဏ္ဍ ကိုတောင် လုံးဝအလေးမထားဘူးဆိုကို ပြနေတာဖြစ်ပါတယ်”ဟု ဒေါက်တာဘာလာခရစ်ရှ်နန်ကပြောကြား ခဲ့သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အကောင်းဆုံးရှေ့ဆက်ဆောင်ရွက်နိုင်ရေးကို ဆုံးဖြတ်ရန် အလို့ငှာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် နစက၏ တိုးတက်မှုကို နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီး၌ အာဆီယံခေါင်းဆောင်များက သုံးသပ်မည်ဆိုသည့်အချက်ကို နိ်ုင်ငံခြားရေးဝန်ကြီးများက အဆိုပြုခဲ့ကြောင်း AMM အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သော အာဆီယံပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။