၁၉၈၅ ခုနှစ်မှစ၍ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဥပဒေအရ နိုင်ငံသား ၅၅၃ ဦး၊ ဧည့်နိုင်ငံသား ၂၇၈၆၆ ဦးနှင့်နိုင်ငံသားပြုခွင့်ရသူ ၁၅၁၄၀၂ ဦးရှိကြောင်း လဝကတာဝန်ရှိသူ ပြောကြား

၁၉၈၅ ခုနှစ်မှစတင်၍ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဥပဒေအရ နိုင်ငံသား ၅၅၃ ဦး၊ ဧည့်နိုင်ငံသား ၂၇၈၆၆ ဦးနှင့် နိုင်ငံသားပြုခွင့်ရသူ ၁၅၁၄၀၂ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

သြဂုတ် ၁၇ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်းဒေသကြီးမှ မြို့နယ်ခြောက်မြို့နယ်ခန့်တွင် လူဦးရေ ၃၀၀ ခန့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးခြင်းနှင့်ပတ်သက်၍ သတင်းထောက် တစ်ဦး၏မေးမြန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဗဟိုအဖွဲ့ဆိုတာ ရုံးချုပ်မှာရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ အဲဒီမှာတော့ ကာကွယ်ရေးဝန်ကြီးပါပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဒါကြောင့်မလို့ ထည့်ထားတာပါ။ နောက်ပြည်ထဲရေးဝန်ကြီးပါပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့အတွက် ပါရှိပါတယ်။ နောက် နိုင်ငံခြားရေးဝန်ကြီးပါပါတယ်။ အဲဒါကတော့ နိုင်ငံတကာရေးရာနဲ့ပတ်သက်လို့ ထည့်ဖွဲ့ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအတွင်းဝန်ပေါ့၊ သူကတော့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ပါတယ်။ အဲဒီဗဟိုအဖွဲ့နဲ့ ကျွန်တော်တို့ စိစစ်ပြီးတော့မှ နိုင်ငံသားပြုခွင့်ရသူအဖြစ် ကျွန်တော်တို့က သတ်မှတ်ပေးရတာဖြစ်ပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် မွေးရာပါနိုင်ငံသားများကို ပန်းခင်းစီမံချက်နှင့် ကွင်းဆင်းဆောင်ရွက်ပေးနေပြီး ခေတ်အဆက်ဆက်တွင်လည်း သစ္စာစီမံချက်၊ မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူက “အဲဒီတော့ ဒီကာယကံရှင်က မြို့နယ်ရုံးမှာလျှောက်ဖို့ လိုပါတယ်။ လျှောက်တိုင်းလည်း ဒါရမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့ညီညွတ်မှပဲ ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဗဟိုအဖွဲ့အနေနဲ့ကတော့ ၁၉၈၅ ခုနှစ်ကနေပြီးတော့ ဗဟိုအဖွဲ့အစည်းအဝေး ၈၅ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံးအနေနဲ့ နိုင်ငံသား ၅၅၃ ဦး ပေးခဲ့ပါတယ်။ ဧည့်နိုင်ငံသား ၂၇၈၆၆ ဦး ပေးခဲ့ပါတယ်။ နိုင်ငံသားပြုခွင့်ရသူ ၁၅၁၄၀၂ ဦး၊ ကျွန်တော်တို့ စုစုပေါင်း ၁၇၉၈၀၁ ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီလက်ရှိ အစိုးရလက်ထက်မှာတော့ နိုင်ငံသားတစ်ဦးပဲ ကျွန်တော်တို့ ခွင့်ပြုခဲ့သေးပါတယ်။ ဧည့်နိုင်ငံသား ၅၉ ဦးနဲ့ နိုင်ငံသားပြုခွင့်ရသူ ၄၀၉၇ ဦး စုစုပေါင်း ၄၁၅၇ ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီဗဟိုအဖွဲ့ဆုံးဖြတ်ချက်နဲ့ပါ”ဟု ပြောကြားသည်။

နိုင်ငံသားနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ဆို၍သုံးမျိုးရှိပြီး နိုင်ငံသားတွင် မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဆို၍ နှစ်မျိုးရှိကြောင်းနှင့် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများသည် မွေးရာပါနိုင်ငံသားများဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံသားသည် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားခြင်း မဟုတ်သော်လည်း ဥပဒေကြောင်းအရ နိုင်ငံသားအဖြစ်ရရှိခဲ့သူများဖြစ်ကြောင်း လဝက တာဝန်ရှိသူက ပြောကြားသည်။

လဝကတာဝန်ရှိသူက “အဲဒီတော့ ဥပဒေကြောင်းအချက်အလက်နဲ့ ညီညွတ်လို့ရှိရင်တော့ ဥပဒေအရနိုင်ငံသား ပေးလို့ရပါတယ်။ အဲဒီနိုင်ငံသားတွေ အားလုံးကလည်း မဲပေးခွင့်ရှိပါတယ်။ ဒီလူ ၃၀၀ က စိစစ်ရေးကတ်ပြားရဖို့ ကျန်တယ်လို့ပြောတယ်။ အဲဒါက မွေးရာပါ နိုင်ငံသား မဟုတ်လောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါတွေက လျှောက်ထားမှ ရတဲ့လူတွေဖြစ်ပါတယ်။ မွေးရာပါ နိုင်ငံသားမဟုတ်တဲ့ ဥပဒေအရ နိုင်ငံသားကတော့ တိုင်းရင်းသားမဟုတ်တဲ့အတွက် ဒီစီမံချက်နဲ့ ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးလို့မရပါဘူး။ ရုံးမှာပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မိဘ၊ ဘိုးဘွားတွေကို ပြန်ပြီးတော့ စိစစ်ပြီးတော့ ပေးရတဲ့ဟာမျိုးဖြစ်ပါတယ်”ဟု ပြောကြားသည်။

မြို့နယ်စုံစစ်အဖွဲ့တွင်် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာနှစ်ဦးပါဝင်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးသည် အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ကြောင်းနှင့် ယင်းအဖွဲ့နှင့်စိစစ်၍ တိုင်းနှင့်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ဆက်လက်တင်ပြရကြောင်း လဝက တာဝန်ရှိသူက ပြောကြားသည်။