ရုရှား၏ကျူးကျော်မှုကို အဆုံးအထိတိုက်ခိုက်သွားမည်ဟု သမ္မတဇယ်လန်စကီးက လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြား

ရုရှား၏ ကျူးကျော်မှုကို အဆုံးအထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး မည်သည့် အလျှော့ပေးမှု သို့မဟုတ် ညှိနှိုင်းမှုကိုမျှ ပြုလုပ်သွားမည်မဟုတ်ဟု သြဂုတ် ၂၄ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက လွတ်လပ်ရေးနေ့မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

“သင့်မှာရှိတဲ့ စစ်တပ်ကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့မြေကိုပဲ ကျွန်တော်တို့ဂရုစိုက်ပါတယ်။ ကျွန်တော်တို့အဆုံးအထိ တိုက်ခိုက်သွားမှာပါ”ဟု ဇယ်လန်စကီးက ရုရှား၏ ကျူးကျော်မှု ခြောက်လပြည့်သည့် သြဂုတ် ၂၆ ရက်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ခြောက်လအထိ တောင့်ခံနိုင်ခဲ့ပါတယ်။ ဒါဟာ ခက်ခဲပေမယ့် ကျွန်တော်တို့ဟာ လက်သီးကို ကျစ်ကျစ်ဆုပ်ထားခဲ့ပြီး ကျွန်တော်တို့ရဲ့ ကြမ္မာအတွက် တိုက်ခိုက်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“နေ့သစ်တိုင်းဟာ အရှုံးမပေးဖို့ အကြောင်းပြချက်တစ်ခုပါပဲ။ ဒီလောက်ဝေးလံတဲ့ ခရီးရှည်ကြီးကို လျှောက်လာခဲ့ပြီးမှတော့ ကျွန်တော်တို့ဟာ အဆုံးအထိမသွားလို့ မရတော့ပါဘူး”ဟု ဇယ်လန်စကီးကဆိုသည်။

ထို့ပြင် ရုရှားကို ရည်ညွှန်းပြောဆိုရာတွင် ဇယ်လန်စကီးက မိမိတို့သည် အကြမ်းဖက်သမားများနှင့် နားလည်မှုရရှိရန် ကြိုးပမ်းသွားမည်မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့အတွက်က ယူကရိန်းဆိုတာဟာ ယူကရိန်းတစ်နိုင်ငံလုံးပါပဲ။ ဒေသပေါင်း ၂၅ ခုရှိပြီး အလျှော့ပေးတာ၊ ညှိနှိုင်းတာတွေ လုပ်မှာ မဟုတ်ပါဘူး”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ချိန်က ယူကရိန်းနိုင်ငံသည် တစ်ဖန်ပြန်လည်မွေးဖွားခဲ့ပြီး သိမ်းပိုက်ခံထားရသည့် ခရိုင်းမီးယားဒေသနှင့် နိုင်ငံအရှေ့ဘက်ပိုင်းမှ နယ်မြေများကို ပြန်လည်သိမ်းယူသွားမည်ဟု ၎င်းက ဆိုသည်။

“ဖေဖော်ဝါရီ ၂၄ ရက် မနက် လေးနာရီက ကမ္ဘာမှာ နိုင်ငံအသစ် ပေါ်လာခဲ့ပါတယ်။ အဲဒီနိုင်ငံဟာ မွေးဖွားလာတာမဟုတ်ဘဲ တစ်ဖန်မွေးဖွားလာခဲ့တာပါ။ မငိုတဲ့၊ မအော်တဲ့၊ မကြောက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ထွက်မပြေးဘူး။ အရှုံးမပေးဘူး။ ပြီးတော့ မေ့ပစ်မှာ မဟုတ်ဘူး”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းစစ်တပ်သည် ကြမ်းတမ်းသည့် ဆောင်းရာသီကာလအတွင်း ကာလရှည်စစ်ပွဲအတွက် ပြင်ဆင်နေပြီး ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရုရှားတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် အနည်းငယ်သာ တိုးတက်မှု ရှိနေသည်ဟု အနောက်နိုင်ငံများမှ စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့ပြင် ယင်းအခြေအနေကို ပထမကမ္ဘာစစ်က နှေးကွေးပြီး သွေးစွန်းကာ တစ်စထက်တစ်စ အင်အားယုတ်လျော့လာသည့် တိုက်ပွဲများနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုက်ဂူက ယူကရိန်းတွင် ရုရှားစစ်တပ်၏ စစ်ဆင်ရေးများ နှေးကွေးနေသည့် အခြေအနေမှာ တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှုန်းကို လျှော့ချလို၍ဖြစ်သည်ဟု သြဂုတ် ၂၄ ရက်က ဥဇဘတ်ကစ္စတန်တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးအဆင့်အစည်းအဝေးတွင်  ပြောကြားခဲ့သည်။