ကျိုက်မရောမြို့နယ် ဖားဘောင်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်များမှ စားနပ်ရိက္ခာများ လှူဒါန်း
ကျိုက်မရောမြို့နယ် ဖားဘောင်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းအချိန်က မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်များမှ စားနပ်ရိက္ခာများသွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုက်မရောမြို့နယ် ဝါးပြန်ကုန်းကျေးရွာအုပ်စု ဖားဘောင်ကျေးရွာ ကွက်သစ်ပိုင်းရှိ နေအိမ် (၃၀) ကျော်မှာ အတ္ထရံမြစ်ရေတက်မှုကြောင့် ရေဘေးသင့်နေသည့်အတွက် အကူအညီများလိုအပ်နေကြောင်းကို ဖားဘောင်ဂူဆရာတော်မှ ဆက်သွယ်အကူအညီတောင်းလာသည့်အတွက် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများသွားရောက်ပေးလှူဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌဖြစ်သူ ဦးမြင့်ဦး က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရေဘေးသင့်ပြည်သူတွေအတွက်ကို အဓိကဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ အားလူးကြက်သွန်၊ မုန့်စတဲ့ စားသောက်စရာတွေပေးလှူဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့သွားလှူတဲ့အချိန်မှာတခြားအလှူရှင်တွေကလည်း လာရောက်ပူးပေါင်းပြီးတော့ လှူပေးကြတာတွေလည်းရှိပါတယ်။ ဖားဘောင်ကျေးရွာ ကွက်သစ်ပိုင်းအပြင်ကို အနီးအနားက ရေမြုပ်နေတဲ့ကျေးရွာဘက်တွေကိုလည်း စားနပ်ရိက္ခာတွေသွားလှူပေးဖြစ်ခဲ့ပါသေးတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုလောက် အခြေအနေမဆိုးဝါးသော်လည်း မြေစိုက်တဲအိမ်များရေနစ်မြုပ်နေဆဲဖြစ်ပြီး၊ နှစ်ထပ်အိမ်များ၏ အောက်ထပ်တွင် ရေများဝင်ရောက်မှုရှိသည်ကိုတွေ့ရကြောင်း နှင့် ရေဘေးသင့်ပြည်သူများအနေဖြင့် ဖားဘောင်ဂူဘုန်းကြီးကျောင်း နှင့် ဝါးပြန်ကုန်းကျေးရွာရှိ ဆွေမျိုးမိတ်ဆွေများ၏နေအိမ်များတွင် သွားရောက်နေထိုင်နေကြရသည်ဟု သိရကြောင်း ဦးမြင့်ဦးက ပြောကြားသည်။
အလားတူ ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာရှိ ရေဘေးသင့် ရွှေ့ပြောင်းလုပ်သား မိသားစု (၈၃) စုအတွက် ရေးမြို့ရှိ အောင်မင်္ဂလာနာရေးကူညီမှုနှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များစုပေါင်းကာ စားနပ်ရိက္ခာများနှင့် ရေသန့်ဗူးများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်မှစတင်ကာ ဒေသတချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခြင်း၊ မြေပြိုမှုများဖြစ်ပွားခြင်း လေပြင်းတိုက်ခတ်ခြင်းများကြောင့် လူနေအိမ်များပျက်ဆီးခြင်း၊ အပင်များလဲပြိုခြင်းဖြစ်ပွားခဲ့သည့်အပြင်၊ တချို့ဒေသများတွင် နေအိမ်အတွင်းရေများဝင်ရောက်နေမှုကြောင့် ရေဘေးသင့်ပြည်သူများရှိနေသေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။